ခပ်ဝေးဝေးသင်္ကြန်

Saturday, April 11, 2009

( ၁ )
သုံးနွေအတိပြည့်ခဲ့ပေါ့
ပိတောက်ရနံနဲ့ဝေးခဲ့တာ
အင်းလျားလမ်းက မဏ္ဍပ်တွေတောင်
ခပ်မေ့ချင်ချင် ...
ဦးချစ်မောင်လမ်းက သင်္ကြန်ဂီတသံတွေလည်း
ဝိုးတိုးဝါးတားနဲ့ ရေစိုမှာကြောက်တဲ့ သင်္ကြန်
ရေတစ်စက်တောင် မစိုမိတာ သုံးနှစ်။


( ၂ )

တန်ခူးနဲ့ဆက်နေတဲ့ ပိတောက်
ပိတောက်နဲ့ဆက်နေတဲ့ သင်္ကြန်
သင်္ကြန်ရဲ့မြို.မ ရွှေမန်းတောင်ကို
ဦးဇော်ဝမ်းသီချင်းထဲမှာပဲ ထပ်ခါ ထပ်ခါကြားရင်း
မြင်ယောင်မိပါတယ်
မန္တလေးသားတစ်ယောက်တော့
အပျော်လွန်ကျူးနေမှာ။


( ၃ )

နှစ်သစ်ကူးမှာ သင်္ကြန်ကို အကြောင်းပြုလို့
ချစ်ဦးကိုရှာဖွေတဲ့သူတွေ
ပိတောက်နဲ့ အတူခြောက်သွားတဲ့ အချစ်ဇာတ်လမ်းတွေ
သင်္ကြန်ရေနဲ့ အတူအငွေ့ပျံသွားတဲ့ အချစ်တွေ
မရိုးလောက်အောင် ဖြစ်ကြပေမယ့်
စိတ်ဝင်စားစရာအတိမရှိ။


( ၄ )

ဒီသင်္ကြန်မှာ ရောင်စုံလူတွေပေါတယ်
ဒီသင်္ကြန်မှာ ဟိုနား ဒီနား ရန်ပွဲတွေဖြစ်တယ်
ဒီသင်္ကြန်မှာ ယာမကာလုလင်တွေ မြူးတယ်
ဒီသင်္ကြန်မှာပဲ အပျိုကြီးတွေ အိမ်တွင်းပုန်းတယ်
သင်္ကြန်မှာ ဘုရားသွား ကျောင်းတက်ပြီး
ကောင်းမှု.ကုသိုလ်တွေပြုကြတယ်
သင်္ကြန်မှာ လူကြီးသူမတွေကို သန့်ရှင်းစင်ကြယ်အောင်
အလုပ်အကျွေးပြုကြတယ်
မကောင်းတာရော ကောင်းတာရော
ဒွန်တွဲတဲ့သင်္ကြန်ဟာ လှပမြဲ။


( ၅ )

ဘယ်သူတွေဘာပြောပြော
ရေစိုမှာကြောက်ပေမယ့် သင်္ကြန်ကိုချစ်တယ်
မန္တလာသူမဟုတ်ပေမယ့် မန်းတောင်ရိပ်ကို ခိုချင်တယ်
ခုတော့ အတာနှစ်ကူးချိန်ခါ
ဟို.......... သိပ်မဝေးတဲ့ တစ်နေရာဆီကနေ
လွမ်းနေရုံကလွဲပြီး.................... ငါ ။



6 comments:

Nyein Chan Aung said...

ဘယ်သူတွေဘာပြောပြော
ရေစိုမှာကြောက်ပေမယ့် သင်္ကြန်ကိုချစ်တယ်
မန္တလာသူမဟုတ်ပေမယ့် မန်းတောင်ရိပ်ကို ခိုချင်တယ်

ကဗျာနဲ့အတူ လွမ်းသွားတယ် နှင်းပွင့်ဖြူလေးရေ..

ဝါ၀ါမောင် said...

လွမ်းနေကြတာပေါ့ ညီမလေးရေ..

သက်ထွန်းညိမ်း said...

မန်းတောင်ရိပ်ခိုချင်ရင် မန်းလေးသားကို ယူလေကွယ်..
ခက်တာမှတ်လို့....း)း)
အဟတ်ဟတ်

အိမ် said...

သင်္ကြန်လွမ်းနေပါတယ်ဆိုမှဗျာ အဟင့်ဟင့်

မသက်ဇင် said...

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

ရှင်ရဲထွတ် said...

ဟား.............
ကောင်းတယ်ဗျ
အလွမ်းဓါတ်ခံရှိလို့ကတော့
ဆွေးနေမှာပဲ...
တို့များတော့ မဆွေးနိုင်ပေါင်

 
My Blog .... My Place - by Templates para novo blogger